Friday, July 17, 2015

"စက်လှေသမား"




မုတ်သုန်မိုးဆက်၊ ချောင်းရေတက်လျှင်။
လှေဝမ်းကွဲမှာ အင်တွဲပိတ်လျက်၊ ပဲ့ချိတ်စက်ကိုပြင်။
ပေါင်းမိုးကြားတွင်၊ ထိုးဝါးတင်လျှက်။
ရွာစပ်ကမ်းမြှောင်၊ သံကျယ်လောင်၊
အလံထောင်လို့ ထွက်သည်တည့်လေး။

မြေနီပြိုပျက်၊ရွာလမ်းခွက်မှာ။
မိုးရေတက်တိုး၊ရွှံ့ ဗွက် ဆိုးလို့သာ။
ခရီးခက်ရှာ၊ ထွက်စရာကြုံတိုး။
ရွာစဉ်ရွာဆက်၊ အခက်ပြေဘို့
စက်လှေကိုသာ ကိုးရသည်တည့်လေး။

ပေါင်းမိုးအောက်တွင်၊ ဖျာကြမ်းပြင်မှာ။
ဒူးတင် ပေါင်ဖက်၊ပြောင်းဖူးဖက်ကို ဖွာ။ စက်သံစာစာ ကျော်ကာအော်လျှက်
သူ့ထက်ငါ အနိုင်ယူ၊နားတွေအူလို့
ရွာသူရွာသား စကားဆက်ကြသည်နှင့်လေး။

လှေထွက်ချိန်ဝယ်၊ ချောင်းရေလယ်မှာ။
ဘေးလွယ်အိတ်နှင့် ပဲ့ချိတ်မောင်းရဲ့ဆရာ
လှေခ တောင်းရှာ၊ ပေါင်းမှာ မှီရပ်။
ဖာရာထပ်နှင့် အပြတ်အစုတ်၊
အနုတ်သောင်းပြောင်း၊လက်ခြောင်းမှာညှပ်လျက် ကယ်နှင့်လေး။

လမ်းဆုံးကမ်းကပ်၊စက်လှေရပ်လျှင်။
ပျဉ်ချပ်သုံးတောင်၊ကုန်းဘောင်လုပ်၍တင်။
လှေကြိုးကိုငင်၊ငုတ်တွင်ချည်တင်း။
တောင်းကြီးတောင်းငယ်၊ ဝန်စလယ်ကို၊
လက်ဆင့်သယ် ဆင်းရသည်တည့်လေး။

နေ့ခင်းမွန်းလွဲ၊ဈေးကွဲချိန်မှာ။
ဈေးပြန်ကိုစောင့်၊ချောင်းထောင့်တနေရာ။
ပြန်ကုန်လဲမလာ၊လူကြုံ ပါမလိုက်။
လူစီးမမည်၊ကုန်မပီ
စက်ဆီကိုယ်သာ စိုက်ရတော့မည်လေး။

ရေဂယက်လာ စီ၍ရိုက်တော့သည်။
လှေပုခက်မှာ မှီ၍ငိုက်တော့မည်။

ညီညီ (ပေါင်းတည်)
၎-၆-၁၅

No comments:

Post a Comment