Wednesday, July 22, 2015

"ရေချမ်းစင်စေတနာ"




အေးမြရေချို ၊ သောက်စေလို၍
စိမ့်ယိုမြေအိုး၊ ညောင်ရိပ်မိုးလျက်
ပျိုးပင်စိမ်းမွှေး၊ သဲဖွေးဖွေးနှင့်
လမ်းနံဘေးက ရေချမ်းစင်။
,

ခရီးပန်းလျှင်
ရေချ မ်းတစ်ခွက်၊ ကျောက်စက်အိုးမှ
သောက်ရမောပြေ အားပြည့်ချေ ၏ ။
.

လမ်းသွားလမ်းလာ၊ လူတကာကို
စေတနာရှေ့ ပြေး၊ ကိုယ်လိုတွေး၍
ဝမ်းအေးစေလို၊ ထိုကုသိုလ်တွက်
ဘာကိုမျှ မတောင်း၊ ရေဖြည့်လောင်းသည်
ကျောင်းစာမတတ်၊ ဘာမတတ်နှင့်
တို့ ရပ်ရွာသား၊ ယာသမား၏
မကြွားမ၀ါ၊ စေတနာသည်
မြန်မာဆို မှ မြန်မာတည်း ။

တင်မိုး


Tuesday, July 21, 2015

"အိမ်ငှားရန်"


မြေသိမ်းခံ ရုက္ခစိုး
ဒီတမိုး ဘယ်သို့ခိုမယ်။

ခြောက် ထုတ် အကြံ စစ်တော့
နောက်ခုတ်ရန်ချန်ရစ်တဲ့
သစ်ပင်မှာ ယာယီကိုးလို့
ရေအိုးနဲ့ တဝက်ရှယ်။

အိမ် ကျောင်း မှ မပီပြင်တယ်
စည်ပင်နှယ် အခွန်တောင်း။

ရှားသူ့ ကံကခေ
သားဆု မပန်ကြလေတော့
ဖန်ရငွေအဿပြာ မလောက်တာကြောင့်
တယောက်စာ သည်အိမ်ကျောင်း ကို
ငှားရရင်ကောင်း။

ညီညီ (ပေါင်းတည်)
၂၂ ၇ ၁၄

ဓာတ်ပုံ (Min Yu Kywe )

Saturday, July 18, 2015

“လွတ်လပ်ခါနီး”



  မကန်းချိန် စန်းအိမ်အဆင်းတွင်မှ
  အောင်ချင်း တဘောင်သီလို့
  ရောင်နီမှာ အောင်စည်ရွှမ်းကြတော့
  လွမ်းမိရဲ့သူတို့ကို ။

  ခါးတောင်းမဖြုတ်ခင်က
  မကောင်းအယုတ်နော် ကြမ္မာမွှေလို့
  ခမျာတတွေ မရဏ မြေလားရှာရ
  အားမဲ့လူဗိုလ် ။ ။

  မျိုးအခြေ ရိုးရာက ပတ်ခဲ့တဲ့
  ဆိုးမွေကို ကြိုးကာဆပ်မယ်တဲ့
  ဓားချပ်ကာ တမန်တင်းပါလို့
  ရန်မင်းကိုတဲ့ သူတို့ ဖြို
  ရွှေဘိုရဲ့ နေမျိုး ။

  ရောင်ပျို့ကာနီ
  အောင်မြို့ အတန်သီမှ
  အောင်စစ်ချီ အောင်တပ်ဦးမှာလ
  ဘီလူးကောင် သဘက်သင်းတွေက
  ကိုယ့်ဗိုလ်ကို ကိုယ်ပြန်ညှင်း သော်ကြောင့်
  မြတ်ဆံရှင် ခြေတော်ရင်းမှာ
  စင်းဝပ် ရိုကျိုး ။

  မင်းသုဝဏ်
  ၂၂-၁၁-၁၉၄၇

 Credit > ရင်ခွင်သစ်

“တို့ တောရွာ”



ဘိုးလမင်းသာသာ
အာကာတွေလင်းချိန်မို့ 
ရိုးအစက တလင်းယာတွင်
သဟာယေတသင်းတို့ နှင့်
ညိုးလှတဲ့အပျင်းတာကို
တခါလေရှင်းမဟဲ့လို့ ၊
ဂန္ဓမာဘွေ သီချင်းရယ်နှင့် ပျော်ကြစဉ်။ ။

သြော် ရှေးအတိတ်ဆီက
ကလေးစိတ်တွေနှင့်၊
ပင်ကုက္ကိုညိုညိုနားမှာတော့
ခုန်လွှားကာ တူတူပျော်ခဲ့တဲ့၊
လှသော်မော် ခင်ကလေးကို တွေးမိစိတ်တွင်။ ။

စွတ်ကပါနံပါစိစဉ်က ဇွက်မညှာတခါကလိမိတာကြောင့်၊
လွှတ်ဟာလွှတ်ဟာ လာမထိနှင့်လို့ တတွတ်တွတ်တာကာ
ထန်ထန်မာမာနှင့်ကြည့်တော့မှ၊
လွန်တာသိလို့ ချော့ပင်
နော့ခရာချင်လို့ တမင်ရုန်း။ ။

ချောတဲ့ခင် ခုများမှာပျိုဘော်ဝင်လို့ ၊ မခေါ်ချင်ပြင်ပြင်စိမ်းကာပ
မြင်တာတောင် မျက်နှာတိမ်းပေမယ့် မယိန်းပေါင်သဟာဆွေရဲ့
ကမ္ဘာမြေတာရှေမျှသာဖြင့်
ကညာမေကို တခါတလေတော့
ရလိမ့်မပေါ့ရယ်လို့ 
မြော်တကာစိန္တေယျာမတော့ နှိမ်ချွေကာဆုမွန်တောင်းပါလို့ 
တခေါင်းမှာသပြေခက်တွေနှင့်
အောင်ဇေယျာ ဂါထာမြွက်ကာပ၊
မနက်စဉ် ညစဉ်ဝတ်ကို လွှတ်ပါဘုဘုန်း။ ။

မေဃ၀န် ကွမ်းခြံကုန်း ကလောင်အမည်ဖြင့် ၁၉၃၅ က ဆရာကြီးမင်းသုဝဏ်
ရေးခဲ့သည့် ကဗျာပါ...

ပန်းချီ ma aung thura 11years old

Credit to ရင်ခွင်သစ်

Friday, July 17, 2015

"စက်လှေသမား"




မုတ်သုန်မိုးဆက်၊ ချောင်းရေတက်လျှင်။
လှေဝမ်းကွဲမှာ အင်တွဲပိတ်လျက်၊ ပဲ့ချိတ်စက်ကိုပြင်။
ပေါင်းမိုးကြားတွင်၊ ထိုးဝါးတင်လျှက်။
ရွာစပ်ကမ်းမြှောင်၊ သံကျယ်လောင်၊
အလံထောင်လို့ ထွက်သည်တည့်လေး။

မြေနီပြိုပျက်၊ရွာလမ်းခွက်မှာ။
မိုးရေတက်တိုး၊ရွှံ့ ဗွက် ဆိုးလို့သာ။
ခရီးခက်ရှာ၊ ထွက်စရာကြုံတိုး။
ရွာစဉ်ရွာဆက်၊ အခက်ပြေဘို့
စက်လှေကိုသာ ကိုးရသည်တည့်လေး။

ပေါင်းမိုးအောက်တွင်၊ ဖျာကြမ်းပြင်မှာ။
ဒူးတင် ပေါင်ဖက်၊ပြောင်းဖူးဖက်ကို ဖွာ။ စက်သံစာစာ ကျော်ကာအော်လျှက်
သူ့ထက်ငါ အနိုင်ယူ၊နားတွေအူလို့
ရွာသူရွာသား စကားဆက်ကြသည်နှင့်လေး။

လှေထွက်ချိန်ဝယ်၊ ချောင်းရေလယ်မှာ။
ဘေးလွယ်အိတ်နှင့် ပဲ့ချိတ်မောင်းရဲ့ဆရာ
လှေခ တောင်းရှာ၊ ပေါင်းမှာ မှီရပ်။
ဖာရာထပ်နှင့် အပြတ်အစုတ်၊
အနုတ်သောင်းပြောင်း၊လက်ခြောင်းမှာညှပ်လျက် ကယ်နှင့်လေး။

လမ်းဆုံးကမ်းကပ်၊စက်လှေရပ်လျှင်။
ပျဉ်ချပ်သုံးတောင်၊ကုန်းဘောင်လုပ်၍တင်။
လှေကြိုးကိုငင်၊ငုတ်တွင်ချည်တင်း။
တောင်းကြီးတောင်းငယ်၊ ဝန်စလယ်ကို၊
လက်ဆင့်သယ် ဆင်းရသည်တည့်လေး။

နေ့ခင်းမွန်းလွဲ၊ဈေးကွဲချိန်မှာ။
ဈေးပြန်ကိုစောင့်၊ချောင်းထောင့်တနေရာ။
ပြန်ကုန်လဲမလာ၊လူကြုံ ပါမလိုက်။
လူစီးမမည်၊ကုန်မပီ
စက်ဆီကိုယ်သာ စိုက်ရတော့မည်လေး။

ရေဂယက်လာ စီ၍ရိုက်တော့သည်။
လှေပုခက်မှာ မှီ၍ငိုက်တော့မည်။

ညီညီ (ပေါင်းတည်)
၎-၆-၁၅

Thursday, July 16, 2015

"သံသရာလမ်း"


   ဝဋ်ကြွေးရယ်မကုန်

   သံသရာ ဤဘုံ ဘဝ

   ဆီဆုံကနွားပမာ

   တရားမရှာ အမှောင်ဖုံးလျှင်ဖြင့်

   သွားစရာ ဒီလမ်းက

   ဆုံး စ ရယ်မထင်

   မမြင်နိုင်လွတ်မည့်လမ်း

   ဆက်၍သာလှမ်း ။

  photo by Htay Min Soe


" ခူယား"


ခြွေမချ ပေမယ့်
ကြေမွလို့ကျန်။

တတိတိ ကိုက်ကာစား
လှိုက်ပါသွား ခဲ့တဲ့ ဒါဏ်။

နောက်ဆုံးတော့ အရိုးတံ
မချိုးရန် ညှာလေသလား။

သည်အရွက် သည်အိပ်ယာ
သည် လိပ်ပြာ မဖြစ်ခင်ထိ
သည်သစ်ပင် ရိုးအထက်မှာ
တိုးဆက်ကာ ယူစားပေါ့
ဟိုးရွက်လွှာ ထူထူကြား က
ပိုးနက်ပြာ ခူယား။

ညီညီ (ပေါင်းတည်)


" နွေ - တိမ် - နေ - မိုး "

" နွေ " 🍃

ရွက်ဟောင်းတွေခြွေ
လေပွေတွေတိုက်
ပူအိုက်နွမ်းခွေ
တိမ်တွေကိုမျှော်မိတယ်။

"တိမ်"    ☁

ပင်လယ်ကရေငွေ့
ပွေ့ပိုက်ကာမျောလွင့်
လေသင့်ရာလာ
နေပူရှိန်တော့ ကာမိလောက်ပါရဲ့။

"နေ" 🌞

တစ်နေ့တာ ခရီး
တာဝန်ပြီးချိန်
တိမ်တွေကိုနမ်း
ရွှေရည်ဖြန်းပက် သူနှုတ်ဆက်။

" မိုး "  ☁ 💧

ဟိုးးးး အဝေးက မိုးပြေး
တိမ်တွေလေးလို့ ပြိုတာလား
အိမ်သူဝေးလို့ငိုတာလား
ပြိုချင်ပြို ငိုချင်ငို စိုအောင်သာရွာပါမိုး။

         Ko Chit (Paungde)



"ရွှေဘဲကန်ကြီး"


   ထောင် အုတ်တွေ ဖုတ်ဘို့
   မြေနှုတ်တဲ့ကန်။

   ဘဲခြံ က ဘဲတွေမောင်း
   ဘဲကျောင်းကြပြန်။

   အခုတော့ ကန်စွန်းခြံ
   ဝန်းရံ လို့ဟီး။

   တခါတုန်းကတော့
   လတာနုံး မြေထဲမှာ
   ရွှေ သဲပါ ရွှေ တွေထွက်တဲ့
   ရွှေ ဘဲကန်ကြီး။

🐸 🌴🌱
   ညီညီ (ပေါင်းတည်) 🐸