֊¨*•.¸¸❉¸¸.•*¨֊
ဝါကျွတ်ချိန်
ဟိုးးးး ငယ်စဉ် အခါက
သီတင်းဝါလ ကျွတ်တဲ့အခါ …
လမ်းထဲမှာ ဇာတ်စင်ထိုး
စတိတ်ရှိုးပွဲ ကကြတာ …
ပျော်စရာအလွန်ကောင်း
ဝေး အတိတ်တွေ ဟောင်း ။
ဆွမ်းရုံက အော်ပီကျယ်
ဒယ်ကြီးနဲ့ တည် (တယ်)
ဆန်ပြုတ်တွေ အလှူပေး
အားရအောင်ကျွေး ။
လွန်းတံပေါက် သံထောက်ကာ
ယမ်းမီးခြစ်ခွါ
တာပေါ်မှာ ရိုက်ကာထိုး
စွမ်းတဲ့ ဗျောက်အိုး ။
တောက်တောက် တက်တက် အသံသာ
မီးလှည်းကလေး တွန်းလို့လာ
မှန်စက္ကူနဲ့ အရုပ်ရေး
လမ်းမှာဟိုသည်ပြေး ။
စည်တော်ကြီး ယွန်းလို့သာ
ကြွမြန်းလာတဲ့ ဘဂဝါ
ကရဝိတ်ဖောင် မှာ မီးတွေထွန်း
ဂေါပေါက်စတွေ ဝိုင်းကာတွန်း ။
ဝါးတိုင်စိုက်လို့ မီးလုံးသီ
ထွန်းကြ ရောင်စုံညီ
ဖယောင်းတိုင်ထွန်းကာ အရွက်ဖုံး
ဗန်ဒါရွက်မီးပုံး ။
အသီးအနှံ မုန့်မျိုးစုံ
ငွေလင်ပန်းနဲ့စုကာပုံ
မိဘ ဘိုးဘွား ဆရာသမား
ကန်တော့ရအောင်သွား ။
အမိုးဖွင့်တဲ့ မြင်းလှည်းပေါ်
ဘေးနားလေးကို အော်
ဘီးကြားထဲကို တုတ်တံသွင်း
တောက်တောက်မြည်ကာသူလမ်းရှင်း ။
လပြည့် နေ့ည ဘုရားမှာ
ဆီမီးရောင်ဝါ ထိန်ထိန်သာ
ကောင်းကင်ယံမှာ လင်းဖြာကွဲ
ရှူးဒိုင်းပစ်တဲ့ပွဲ ။
လပြည့်ကျော်တဲ့ တစ်ရက်မှာ
ဆွမ်းကြီးလောင်းကြတာ
ပင့်တဲ့နေရာ အကုန်သွား
ရှမ်းဘုရားနဲ့ တိုးနယား ။
လှူကြတန်းကြ လမ်းတိုင်းမှာ
သံဃာတော်များ ကြွလှမ်းလာ
တန်းစီကာ ညီညာလှ
ဆွမ်းဆန်စိမ်းတွေ လောင်းလှူကြ ။
ရွာနီးချုပ်စပ် အရပ်တကာ
မုန့်တွေလုပ်ကြတာ
ထိုးမုန့် ဆီကြော် တိုဟူးသုပ်
သကြားမုန့်ဖက်ထုပ် ။
လေပြေနုအေး မြောက်ကပြန်
နှောင်းပေါ့မိုးဝသန်
နှင်းမှုံတလှိုက် မိုးတပြိုက်
ဆောင်းဦးရာသီ ဆိုက် ။
ဝါကျွတ်ညရဲ့ သန်းခေါင်ယံ
ရမ်းယောင်နိုးထပြန်
ထင်လာမြင်သာ ငယ်ဘဝ
ပြန်လည်ကာတမ်းတ …
သီတင်းကျွတ်လရဲ့ ညတစ်ည ။
No comments:
Post a Comment