ဆောင်းအပျက် နွေအလာ
ညောင်းရွက် ကြွေကာ လျှော
တပေါင်း သက်လေမှာ မျော ခိုက်
ကျောင်းအထွက် ခြေရာ တောမှာ
မွှေကာ ရော ပျောက်ပျက် သွားပေမယ့်
နှစ်ယောက်ဖက်ကာ ကပ်လှမ်း ခဲ့လို့
ကျောက်ထက်စာ မှတ်တမ်း တခုလို
နောက်တသက်တာ ထပ်လွမ်း ရမယ့်
ဇာတ်လမ်းတို သည် တပုဒ်လျှင်ဖြင့်
အဟုတ်ပင် ရှိကြစတမ်း မို့
သတိရတိုင်း လွမ်းသလေ၊
အခန်းတွေ အသံဆိတ်
ခမ်း နေတဲ့ ကန်အရိပ် နဲ့
လမ်းတွေလဲ တဖန်အိပ် လို့
လွမ်းနွေ လှန်အတိတ် ဇာတ်မှာ
ခံစိတ်ဓာတ် အဆွေးမိလျှင်ဖြင့်
ပြန်ချိတ်မပြတ် အတွေးငြိ
ကလေး အသိ နဲ့ ချစ်ခဲ့
အပြစ်မဲ့တဲ့ နေ့တွေ၊
ဟို အဝေးမှာ တော့
ဆွေးစရာ လောင်းရိပ်နဲ့
ကျောင်းပိတ်တဲ့နွေ
နှောင်း အတိတ် တွေ ဘယ်မမေ့၊
ဘဝ တွေပဲ ခက်ခက်
အလှ တွေပဲ ပျက်ပျက်
အသက် တွေပဲ ထောက်ထောက်
အထက် တွေပဲ ရောက်ရောက်
ရွက်ကြွေခြောက် ဖုံးတဲ့ လမ်းဟာ
အဆုံးမဲ့ လွမ်းစရာ ထင့်
အလှမ်းကွာဝေး ခဲ့သော်လည်း
မကြာသေးတဲ့ နှောင်းအတိတ်လို
အခါခါတွေး မပြောင်းစိတ် နဲ့ ပေါ့
အော်. . . ကျောင်းပိတ်တဲ့ နေ့။
ညီညီ (ပေါင်းတည်)
၂၉-၂-၁၆
ဓာတ်ပုံ ဆရာ Ko Gyi Soe အား ကျေးဇူးတင်လျက်
No comments:
Post a Comment