Thursday, August 30, 2012

“ငွေစင်ရော်သို့”


ဒီကဗျာကို ဆရာ မြို့ မငြိမ်းက သီချင်းအဖြစ်ပြောင်းလိုက်တော့...

“မြစ်ယံ သဲနု ကမ်းစ ချစ်သံတေးမြ ကြည်ကြည်”


မြစ်ယံမှာချစ်သံတေးတွေနဲ့

ဌက်ကလေး ငွေစင်ရော်တဲ့

ရွှေဖော်ဖော် မခေါ်ရသော်လဲ

စာဆိုကို နှူတ်ချို “သ“ လေပေါ့

ချမ်းမြမြ ကြည်စရာ။



အစာတောင်းရော့သလား

ကောင်းပါပြီ စင်ရော်ပျိုရဲ့

စာဆိုမှာ လိုမပြည့်သော်လဲ

ဖြည့်ဖို့ရန် အဆင်သင့်ပါကွဲ့

စေတနာ သဒ္ဒါပွင့်တွေက

လန်းတင့်ကြူစွာ။

ရော့ပါမောင် စိတ်ရှိစားပေရော့

မုန့်သား ချိုလို့သင်းပါရဲ့

ကြည့်ရင်းပင် သဒ္ဒါပိုပေါ့

စာဆိုမှာ အဖော်နဲ့သာဖြင့်

တစ်ဖဲ့စီ ဝေလို့ကျွေးချင်ရဲ့

အေးမြတဲ့ စေတနာငယ်

ဧရာမြစ် နဒီလမ်း။


သို့ကတဲ

လက်ဝဲစာဆိုပေါ့

လင်္ကျာကို ဆွေးအမှတ်ကယ်နဲ့

ဖြူဆွတ်သည် စေတနာပ

ကြည်နူးစွာ စာဆိုကျွေးပြီကွဲ့

ကိုယ်စားတော် သူနှင့်အေးပေဦး

ဝေတဲ့စခန်း။။

မင်းသုဝဏ်

Wednesday, August 29, 2012

ဗြောသံ



ပလုပ် ဗြုန်းရယ်နဲ့
တောင်ကုန်းရွာ သာစခန်းဆီက
ဒေါ်ရွှေမေ ဦးရေချမ်း ငယ်တို့

သာသနာ ဝါဝါလန်း ရန်တဲ့
ဆန်းလိုက်တဲ့ ဗြောသံစည်။ ။

-အလို၊ နေခြည်မှာ ရွှေရည်ဝင်းလို့
ဆယ်စင်းလဲမက
အဝေးက မှန်း၊ ဟိုရွာလမ်း
ထီးတန်းကြီး လှပါဘိ-

“တလတာ သည်အရေးကိုလှ
မဟဝါ ကြည်ကြည် ပေးပါ” တဲ့
ရတုချို စိတ်ကို သွေးလေတော့
မလေးမောင် ရွှေရောင်ငိုက်တဲ့ပြင်
မြင်းကဏ်ပင် ငြင်းဆန်မိုက်လေပေါ့
လွမ်းခိုက် မတည်။ ။

-မကြည်တဲ့နှလုံး၊ မပြုံးတဲ့မျက်နှာ
မြင်းပေါ်က မောင်ရင်လောင်း
ငဲ့စောင်းလို့ ကြည့်သောခါ-

ကညာလုံ ကြာမုံညွတ်ဟာဖြင့်
ယမ်းယောင်ကာ ကွမ်းတောင် လွတ်တဲ့ပြင်
“မတွယ်တာ ဆယ်ခါ လွှတ်မယ်” တဲ့
ဒေါချိုချို ပြောဆိုရွတ်လေပေါ့
စိုစွတ်တဲ့ မြမျက်ရည်
လည်တယ်လို့ မဆုံး။ ။

-ဗြုန်းနိုင်ပေ့ ကိုရွှေစည်
တီနိုင်ပေ့ ကိုရွှေနှဲ
ရွှဲနိုင်ပေ့ ကိုရွှေမောင်
လုံမငယ် အရှက်အိုးမို့
အငြိုးနဲ့ ပြောင်ရော့ထင့်-

“လှောင်ချက်ကယ် နာ
မောင်မျက်နှာ တရွာမှတ်ပေမဲ့
သာသနာ ဝါဝါဝတ်မှာမို့
မယ်လွတ်ရာ ဘယ်ဆီ ခိုရပ
တလဆို ရက်ကိုချဉ်းပါဖျ”
ဘွာခတ်ကာ ခမျာ ငြင်းလေတော့
သျှောင်ကြီးရှင် ဆံပင်တင်းပြီကွဲ့
ညှဉ်းတဲ့ တုတ်ဗြုန်း။ ။


မင်းသုဝဏ်
(၂၃၊ ၃၊ ၁၉၃၄)

“လှည်းယဉ်တော်ကြွကြွ”





ပွဲဆင်တော် ပြသပေးရန်မို့ 
လှည်းယဉ်တော် ကြွကြွလေးရယ်နဲ့ 
မမလေးကိုတဲ့ လိုက်ဖို့ ခေါ်။


တချို့ ကချောသနဲ့ 
တို့ တောနယ် ရွာတစဉ်မှာတော့
မြို့ ကျောဖွယ် တန်ဆာဆင်ကြပုံက
အပြာတွင် မဲရောင်ခရမ်းရယ်နဲ့ 
ပ၀ါဆင် ဖဲစောင်မှ ဆန်းတယ်လို့ 
ထာဝစဉ် ပွဲဘောင်ကို မြန်းကြတယ်
ကဲ ပြောင်းခန်းဖေါ်တယ်နော် ကွယ်
လှည်း ဆောင်းပန်းပေါ်။

တူပြိုင်ကာ နှစ်ယောက်တဲပါလို့ 
ချူမြိုင်စွာ ခလောက်ဆွဲတဲ့ပြင်
နောက်လှည်းက ရှေ့ လှည်းကိုကျော်
ဟေ့ဟဲ အော်လို့ သောင်းညံကြွေး
ကွေ့ လွှဲချော်လို့  မောင်းပြန်သေး။

တို့ အလျင်
မြို့ အ၀င် သညာဂုဏ်ကြောင့်
သို့ မှပင် မြင်ခါကြုံတော့မယ်လို့ 
ပျို့ သခင် ရင်ပါခုန်တဲ့အောင်
အားအန်ကုန် သိပ်ကွာမဝေးဖို့ 
ကြွားမာန်ဟုန် ထိပ်ကြားကလေးရယ်နဲ့ 
နွားကြန်စုံ ပိဿာပေးတို့ ကို
မိုးမော့က နှေးမှာကြောင့်
ကြိုးလျော့လို့ ပေး။

ဦးရာကျော်

“၀ါတွင်းချိန်”



ငှက်ကလေးက စိုးစီ စိုးစီ
ဝင်းပေါက်မှာမြည်။
ချိန်တန်ပြီ ညီမထွေးရဲ့

ဆွမ်းချက်စို့လေး … ။ ။

ဦးပေါင်းကို ဆွမ်းတော်တင်
သုံးချောင်းထောက်ပြင်။
သံလွင်လွင် ကြေးစည်တီး
ထွန်းတဲ့ဆီမီး။ ။

အမျှတဲ့ သုံးကြိမ်ဝေ
သွန်းတဲ့ညောင်ရေ။
မာပါစေ ကမ္ဘာသား
ထက်အောက်နံလျား။ ။

ရွာဦးက ကြေးစည်သံ
ကျောင်း ဝေဠုဝန်။
ဆွမ်းတော်ခံ ကိုရင်ကြွလိမ့်
ဆွမ်းအုပ်ပြင်ပ။ ။

ကိုရင်ကြီးပျိုတို့မောင်
ညှိုးနွဲ့ယောင်ယောင်။
ပျိုတို့မောင် မာပါစ
မေးလိုက်ပါကြ။ ။

မာပါရဲ့ အထွေးရယ်
ပြောလိုက်ပါကွယ်။
ရွာလယ်မှာ ကိုရင်ပန်းလို့
ညှိုးလျရိနွမ်း။ ။

ကပ္ပိယ အဘိုးအို
ဆိုးလှတယ်ဆို။
တို့ကိုရင် ထိပ်ပြောင်သားကို
ခေါက်လိမ့်လေလား။ ။

ဟင်းလေးကို ကျိုချက်လို့
မနက်က ထည့်လိုက်တယ်
ကိုရင့်ဖို့ကွယ်။
ရွာလယ်မှာ သူငယ်လဲတယ်
ဆွမ်းတော်ခွက်ကွဲ။ ။

ချာရစ်လေးမပျောက်ခင်
ထွက်ခဲ့စေချင်။
လိင်ပြန်ရင် ဆံရှေထားပါနဲ့
သန်းတွေကများ။ ။

လိင်ပြန်ရင် ကိုရင်ဝတ်ဖို့
ပလေကပ် အနံကျယ်
ဈေးကြိုက ဝယ်။
အနံကျယ် ခါးပုံနွဲ့တယ်
ဆုတ်လိုက်ပါ … တဲ့။ ။

ဆွမ်းတော်ခံ ကိုရင်ကြွတော့
မယ် စလို့ မေးလိုက်တယ်။
ရှင်လိင်ပြန် ဘယ်တော့ရက်
ထွက်ခဲ့ပါမယ်။
မျက်နှာငယ်ငယ်
ဘယ့်နှယ်မှ မမိန့်။
သည်တဝါ အနိုင်ခဲလို့
နွှဲရရှာလိမ့်။ ။

ကိုရင်ကြီးလာမယ်ဆို
ဝင်းပေါက်ကကြို။
အို .. အလို ကိုရင်ထွက်ကယ်
ငါး ငပိချက်။ ။

မင်းသုဝဏ်
(၂၁၊ ၅၊ ၁၉၃၆)

Tuesday, August 28, 2012

“ဗဟိုရ်သံ”



ရွှေဗဟိုရ် စည်သံများကိုလ
မကြားရကြာနေပြီ
လေးလရာသီ။
တိုင်းဌာနီ မဟုတ်ကယ်ပါပြီမို့
ကြက်သံကို ဗဟိုရ်ပြုရတယ်
တောသူရွာမို့။ ။

အင်ကြင်းတစ်ခိုင်

 
မုန်းပင်စိုက်ရင်လဲ
မုန်းလိုက်ပါတော့ချစ်သူခင်…။

ဆဒ္ဒန်ဆင်မင်းတောင်မှ
အင်ကြင်းခိုင် ခါချဉ်ပါတော့
သုဘဒ္ဒါမုန်းမာန်အရှကို
ခံရသည်ပင်။

ရင်တွင်းမှာ နာကျင်မျက်စေလို့
အင်ကြင်းလွှာ ခါချဉ်ဖက်ပြီး
သက်သက်မရည်ရွယ်ပေမယ့်
ကျီစယ်တာ အခံခက်လေတော့
အမျက်သို မုန်းမာန်ပွားလေတဲ့
သုဘဒ္ဒါ မိဖုရားလိုပဲ
အားရအောင်သာ ရန်စွယ်ငြိုးပါတော့
ဆိုးမိသူ မောင့်အပြစ်ပါပဲ
စိတ်ညစ်ကာ ပူပန်ကဲပေမယ့်
အယူခံ မ၀င်ရဲသူမို့
ရင်ထဲမှာတော့ တမြည့်မြည့်ကျင်
တငွေ့ငွေ့ပင် ပူလောင်ပေါ့။

သုဘဒ္ဒါ အစွယ်ဖြတ်သလို
ကျေနပ်အောင် ကြိုက်သလိုပြုပါတော့
ခုဘ၀မှာ မကျေသေးရင်လဲ
ကျေအေးအောင် ခံရန်အသင့်ပါပဲ
မာန်ဝင့်ကာ ကျိန်စာတိုက်တောင်မှ
ကိုယ့်ထိုက်နဲ့ ကိုယ့်ကြမ္မာပေါ့
သုဘဒ္ဒါ အချစ်ကြီးကာ
ချစ်မီးလျှံ ရင်ဝယ်မြိုက်ပြီး
ဆင်စွယ်ပိုက်ကာ ရင်ကွဲသလို
ခင်လဲလေ သည်အဖြစ်ဆိုးနဲ့
မတိုးရင် စိတ်ကျေနပ်ပါရဲ့
သုဘဒ္ဒါ မုန်းမာန်ပျိုးသလို
ရန်ငြိုးသို အသည်းနှလုံးမှာ ခိုက်အောင်
အချစ်ရယ်…….

အမြဲမုန်းလိုက်ပါတော့။

မောင်စိန်ဝင်း(ပုတီးကုန်း)

Monday, August 27, 2012

“ရွှေပြည်ဌာန သာချင်စွ”

 
အိပ်ရာဝင် ဘုရားဖူးစဉ်
တရားဦး ဓမ္မစကြာကို
မြတ်စွာ ဗုဒ္ဓ ဟောညွှန်ပြရာ
မိဂဒါဝုန် သားမျိုးစုံသည့်
ရဂုံမြိုင်တလျှောက်
ငါ ကိုယ်တိုင် ရောက်ဘိသကဲ့သို့
တအောက်မေ့မေ့ ချမ်းမြေ့မြေ့နှင့်
လွမ်းငွေ့ဝေရ လပြည့်ည။

ဗုဒ္ဓ ဓမ္မ သံဃာ့ အရိပ်
မိရိပ် ဖရိပ် ဆရာရိပ်၌
အိပ်စက်ခဲ့ဖူး ထိုကျေးဇူးကို
ကြည်နူး ချမ်းမြ သတိရ
သြကာသ သြကာသ။

အခွင့်ပန်၍ မာန်ကို လျှော့ဖြေ
မေတ္တာဝေခိုက်
ကိုယ့်မြေရှိရာ ဦးချကာ
ကျန်းမာ ချမ်းသာ ပန်းပမာ
သဗ္ဗေ သတ္တာ အဝေရာ
မင်္ဂလာသုခ အရကြီး ရ
အဆိပ်မှန်သမျှ လျှောကာကျ
သားရွှေအိုးထမ်း အိမ်ပြန်လှ
ရွှေပြည်ဌာန သာချင်စွ။

တင်မိုး

“အလွမ်း”

 
အခါတစ်ပါးမှာလ
တိုင်းခြားကိုရောက်ခဲ့တယ် ..။
ကိုယ့်ဝတ်စုံ အသာချွတ်ကာပ..
သူ့ ဝတ်စုံ အသာစွပ်လို့ ရယ်..
ဝတ်ဆင်ရတယ်..။
သူ့ စကားကိုလည်း
နှုတ်ဖျား တလှိုင်လှိုင်နဲ့ 
မမောနိုင် စာဆိုပြောကာပ
ရောနှောလို့  ဟန်ရေးကြွယ်
သူတို့ နှယ် ထင်ယောင်မှား ..။
သို့ ပေမယ့်လျှင်
သူ့ အသွင် အစာစားပြန်တော့
သူ့ အစား ဘယ်လိုမြိုင်လည်း
မမြိန်နိုင် လျှာမတွေ့ လေဘု
ကိုယ့်ဓလေ့ ကိုယ့်ဘာသာထင့်
တို့ စရာ ဆန်ထမင်းရယ်နဲ့ 
ငပိကြော် ချဉ်ပေါင်းဟင်းကိုလ
ချက်ချင်းပင် စားလိုက်ချင်ရဲ့ 
စာဆိုရှင် မျှော်ယောင်တပါလို့ 
အမိမြေ ကိုယ့်ဒေသကိုကွယ်
လွမ်းရသည် တကား …။

မင်းယုဝေ ( ခေတ္တ အမေရိကန် )
၁၀.၁၁.၁၉၇၆

“တိမ်ရဲ့ခြေရာ”



မိုးသက်လေပြင်း တ၀င်းဝင်းပြက်၊
 လျက်စီးလက်စဉ် ကောင်းကင်ပိတ်ကား၊
 တိမ်ရုပ်များကို ငါကားမျှော်ကြည့်၊
 တွေ ငေးမိခဲ့... လေမုန်းတိုင်းက တိမ်လှိုင်းတိမ်တောင်၊
 ပြာမှောင်ခဲသား သယ်ဆောင်သွားနေ၊
 တိမ်ရုပ်တွေဆင် အသက်ဝင်လျက် ကောင်းကင်အနှံ့ ၊
 ဆေးခြယ်ထား ...။
 ကြည့်ရင်းကြည့်ရင်း မြင်ကွင်းထဲမှာ၊
ဗမာပြည်မြေပုံ တိမ်ရုပ်ပုံခဲ၊
 လေထဲစီးမြော ပေါလောပါလာနေ... ကြည့်ရင်းနဲ့ ပဲ၊
မုန်းတိုင်းထဲမှာ ဗမာပြည်အလှ၊
 ကြေမွလွင့်စင် နှင်းဆီပွင့်ချပ်၊
တဖျတ်ဖျတ်ကွဲသွား.... ထိခိုက်ကြေကွဲ ရင်ထဲစူးနင့်၊
 ခံစားပွင့်က ကြာမြင့်ခဲ့ပြီ၊ ညှိုးသည်မရှိ ကြုံမိစဉ်ခိုက်၊
 တိုက်ဆိုင်သည့်ခါ ဝေဒနာသည် အနည်ပြန်ထ၊
 ခံစားရမြဲ ... တကယ်မှာလဲ အာဏာရှင်များ၊
 ဖန်တီးထားဆဲ မုန်တိုင်းထဲမှာ၊ ဗမာပြည်အလှ ကြေမွလွင့်စင် ... ။ ။
                                                                            ( တင်မိုး)

Saturday, August 25, 2012

“လယ်သမားဖွဲ့ ”



Add caption


မင်ကော်ရစ်ကယ်နှင့်၊
ကြင်သစ်တဲ့ ပျို့လူ၊
ထွန်ရေးငယ်ပူ၊
ကိုတောင်သူ မနက်စော၊
ကြက်ရော ပြင်ဆင်လို့၊
ထွန်းနှင်မောင်းတဲ့ ဘေကိုလေး။ ။

လယ်ထွန်ပြန်၊
စားရန်အလို၊
ရွှေဂုံညို၊
ယုန်ဖိုနှောချက်၊
တခွက်ကယ် အချဉ်၊
တောပြည့်စင်၊
ရည်ငယ်ရွှန်းစို၊
လယ်ကန်စွန်းရယ်နှင့်၊
မယ်လွမ်းအောင် ကျိုပါ့၊
နကိုလှ ဦးရင်ငယ်၊
လှော်မီးကင် ပုစွန်ထောင်းငယ်နှင့်၊
မောင်းစေ့မယ်လေး။ ။

ဦးကြီး (လွမ်းချင်း)
ပန်းချီ u saw hlaing

Friday, August 24, 2012

စတင်မွေးဖွားခြင်း

ဖတ်ရှုလို့ ကြိုက်နှစ်သက်တဲ့ကဗျာတွေကိုစုစည်းသိမ်းထားနိုင်မည့် 
ကဗျာဥယျာဉ် ဆိုတဲ့ဘလော့ကို ခရစ်သက္ကရာဇ် 2012 ခုနှစ် သြဂုတ်လ 25 ရက်နေ့  နံနက် 10 နာရီတွင်
စတင်မွေးဖွားလိုက်ပါပြီ ။