Wednesday, June 8, 2016

ဘုရားကြီးတိုက် စာပန်းချီ

  ပြည်ခေတ္တရာ
  ပျူရွာတည်ထား
  စည်ကားလှပ
  သာစွဌာနီ
  မြို့ပေါင်းတည် ။
 ***************************

  ကုန်းဘောင်မင်းဆက်
  တဝက်မှာကြုံ
  ဗဒုံမင်းတြား
  ခန့်ငြားချိန်ခါ
  တိုင်းပြည်သာ ။
*****************************
  ဘိုးတော် မင်းကြီး
  ရွှေထီးရိပ်မှာ
  ပြည်ရွာတခွင်
  ပြုပြင်တည်ထား
  ကူဘုရား ။
*****************************
  မှတ်သားလေ့လာ
  မြန်မာခုနှစ်
  တစ်တစ်လေးလေး
  ထုံးဖွေးဖွေးတည်
  ကူစေတီ ။
*************************************
  မြို့လယ်ချောင်းထိပ်
  ဆည်ပိတ်တူးဖြို
  အိုအိုမင်းမင်း
  ရွှေတွင်းလည်းပါ
  ကန်တော်သာ ။
******************************
  လက်ယာမင်းသား
  တည်ထားကိုးကွယ်
  မြို့လယ်စေတီ
  ရွှေရည်ပြောင်ဝင်း
  ရောင်ခြည်လင်း ။
  *************************************
  မရှေးမနှောင်း
  အကြောင်းဆုံလာ
  လက်ျာအနောက်
  ထွန်းပေါက်စေတီ
  ဆူးလေမည် ။
*************************************
  ကာလရှည်ကြာ
  လက်ျာယှဉ်ထား
  ဘုရားနှစ်ဆူ
  နာမ်ယူတူတွဲ
  မင်းလက်ဝဲ ။
********************************
  ထေရ်ကြီး ဝါကြီး
  ဝိနည်းညီစွာ
  သေချာသမုတ်
  နယ်ချုပ်သိမ်းဆည်း
  သိမ်တော်ကြီး ။
*****************************
  မုနိရှင်တော်
  စံပျော်ရာကျောင်း
  မိုးကောင်းဘုရား
  တည်ထားကိုးကွယ်
  မြို့အလယ် ။
*************************************
  သီဟိုဠ် တိုင်းပြည်
  ဂန္တီ မြို့မှ
  ဓာတ်မျှကူးလာ
  ပင့်ကာပူဇော်
  မြတ်စွယ်တော်
  *********************************
  မှန်းဆကာတမ်း
  ရဟန်းရှင်လူ
  ပုံတူဖူးမျှော်
  ပူဇော်ရှိခိုး
  ကျိုက်ထီးရိုး  ။
****************************************
  ကျိုက်ထီးရိုး ရှင်
  ရောက်လျှင်မလွဲ
  ယှဉ်တွဲပူဇော်
  ဖူးမျှော်ရည်သန်
  ကျောက်သမ္ဗန် ။
***************************************

  မုစလိန္ဒာ
  ပမာပုံပြု
  ခွေစုအုပ်မိုး
  တန်ခိုးထွားပုံ
  နဂါးရုံ ။

  

Wednesday, May 4, 2016

"သံသရာလမ်း"


" သံသရာလမ်း " 
 •••••••••••••••

   ဝဋ်ကြွေးရယ်မကုန် 

   သံသရာ ဤဘုံ ဘဝ 

   ဆီဆုံကနွားပမာ 

   တရားမရှာ အမှောင်ဖုံးလျှင်ဖြင့် 

   သွားစရာ ဒီလမ်းက 

   ဆုံး စ ရယ်မထင် 

   မမြင်နိုင်လွတ်မည့်လမ်း 

   ဆက်၍သာလှမ်း ။

photo by  Htay Min Soe

Saturday, April 16, 2016

" အရုဏ်ဦး စာပန်းချီ"

✾ အရုဏ်ဦး  စာပန်းချီ ✾

    အရုဏ်ဦးမှာ ကြည်နူးစွာဖြင့်

    တန်ကူးချိန်ခါ  တိမ်လွှာကွက်ကျား

    ငှက်များတေးသီ  စာပန်းချီ ။
~~~~~~~~~~~~~~~~~~~~~~~


  ๏ ညအမှောင်ခွင်း  အရုဏ်ကျင်းသော်

     ကျေးငှက်အော်မြည်  တုံးသံဟီ၏

     မပီဝိုးဝါး  မြူနှင်းကြား ။
*****************************


  ๏ လင်းကြက်တွန်သံ  လွင့်ပျံဟစ်ကြွေး

      အသံပေးကာ နိုးထပါလော့

      ရောင်နီဝင်းဖြာ  အရှေ့မှာ ။
*****************************


  ๏ လောကအလင်း  ရှင်နေမင်းလည်း

     ရောင်ခြည်ယှက်ဖြာ  ပေါ်ထွက်ကာစ 

     ဝင်းပကြည်ရွှင်  ထက်ကောင်းကင် ။
******************************


  ๏ နေ့သစ်မွေးဖွား  သဘာဝကား

      လှုပ်ရှားသက်ဝင်  အားပြင်ရုန်းထ 

     ဘဝမျိုးစုံ ကကြိုးကုန် ။
******************************


  ๏ အရုဏ်နံနက် ဆီးကြိုငှက်တို့ 

    ကိုင်းယှက်ကူးပျံ  သောသောညံ၏

    ပင်ယံထက်ဖြား ဆက်ရက်များ  ။
******************************


  ๏ ဆည်းလည်းခတ်သံ  လွင့်ပျံရစ်ဝဲ 

     လေပြည်ထဲဝယ်  ဥသြငယ်တွန် 

     လေချွန်ကာသွား  ငှက်ရင်ကျား  ။
******************************


  ๏ တေးသွားစုံညီ   ညံစီစီနှင့်

     ရောင်နီတက်ချိန်  ကွက်ကျားတိမ်မျော

     လောကအလှ  သဘာဝ  ။
******************************

Friday, April 1, 2016

"မိုဃ်းကောင်း စာပန်းချီ"

     ဥတုဖောက်ပြန်  မိုးမမှန်၍

     ရည်သန်တောင့်တ   ဥတုမျှစေ

     တောင်းဆုချွေသည်   မြို့ရွှေတည် ။
*********************

     ရှေးကဘိုးဘွား   မျိုးကောင်းသားတို့

     မိုဃ်းကောင်းဘုရား   တည်ထားကိုးကွယ်

     မြို့အလယ်မှာ   သပ္ပါယ်စွာ  ။
*********************
     ဇာတိရပ်မြေ   ဂုဏ်သရေတိုး

     တန်ခိုးလည်းကြွယ်   ကိုးကွယ်ရာမှတ်


     ရှင်တော်မြတ်စံ   ဘုံနန်းပျံ  ။
*********************
      နေခြည်ဝင်းပ   ထိုးဖြာကျသော်

     မိုးမျှော်ပြဿဒ်   အထပ်ထပ်သည်


     နတ်ပိသုကာ   ထင်စရာ  ။
**********************
      အေးချမ်းငြိမ်သက်   ညမနက်ခင်

     ထက်ဝန်းကျင်မှ  ရွှမ်းလစန္ဒာ

     ကြည်သာမြမြ   လပြည့်ည  ။
***********************
      နွေအရုဏ်ဦး   ရောင်နီမြူးခြယ်

     လွန်သပ္ပါယ်သည်   မကွယ်ခင် လ

     ထွန်းပကွေးကွေး   မှုံမှေးမှေး  ။
***************************
      ရာသီဝသန်  ကန်တော်ရေပြည့်

     တောင်လေဝှေ့လျှင်  ထင်လာအရိပ်

     တွန့်လိပ်တုံခါ  ရေပြင်လွှာ  ။ 
******************************
     လျှပ်ပန်းနွယ်ဝင်း  မိုးမင်းပစ္စုန်

     လွှမ်းခြုံခြိမ့်သည်း   အမှောင်ထဲဝယ်

     ထည်ထည်ဝါဝါ   ခိုင်မာစွာ ။
*****************************
     မြူနှင်းမှုံလွ   ဝေ့ကာကျသည်

     မပီဝိုးဝါး   တိမ်ယံကြားသို့

     ထင်မှားပေစွ   ဟေမန္တ  ။
*****************************
     မြင်ရ ဖူးရ  ကြည်ညိုရသည်

     ရွှေတည်မြို့သား  ဘိုးဘေးများသို့

     မှန်းဆကာတမ်း    ကန်တော့ပန်း  ။
*******************************

Thursday, March 3, 2016

" ဖုန်းစတိုင် "


" ပျို့ဖုန်းစတိုင် "
    ••••••••••••

 တပ်ရှ်စကရင် မှန်ထောက်နဲ့ 

 ဟန်မြောက်တဲ့ ပျိုပျို 

 ဟလို ဟလို ကြားရလား 

 ပါးစပ်နားတေ့ကာဆို 

 ဟန်းဆက်ပဲမျိုတော့မလို 

 စပီကာကို သံကုန်ဖွင့်ပါလို့ 

 ပလီပလာ ဟန်ပုံလုပ်ကာပြောတယ် 

 တောသူရဲ့ဖုန်း ။

  :P



"မြို့ဖုန်းစတိုင်"
     •••••••••••

  ဘလူးတုသ် နားမှာပန် 

  ခြေလက်ဟန် ရှုပ်ထွေး 

  မဟုတ်သေးဘူး ခေါင်းတွေခါ 

  ပေါင်းဆွေသဟာ မပါဘဲနဲ့ 

  တစ်ယောက်တည်း ပြောကာရီ 

  ခပ်တည်တည်စတိုင်ထွားတဲ့ 

  မြို့သားရဲ့ဖုန်း ။ 

  :D


" ခြုံတိုးဗျိုင်း "


ကြာဖက်ကို မိုးလို့
ကြာရိုး မှာထိုင်
ကြာအိုင် ကသူ့ ကသိုဏ်း။
ပုစွန်ငါးရှာ 
နွံကြားမှာ နှုတ်စုံထိုးတယ်
ခြုံတိုး တဲ့ ဗျိုင်း။

ညီညီ (ပေါင်းတည်)
၂၆-၁-၁၆

----------------------------------------

Tuesday, March 1, 2016

"My Eyes & Your Eyes "



မင်း နဲ့ ငါ့ အမြင်

သနားစရာ
ငါးသတ္တဝါ ကံဆိုး။
ကံ ကောင်းတဲ့ ငှက်
မနက်စာ ဖူလုံသွား ပေါ့
ငါးကြီး နဲ့ တိုး။

ညီညီ (ပေါင်းတည်)
၂၄-၁-၁၆


◦✿ ပန်းချစ်သူ ✿◦


✿◦.¸¸. ◦ ❤◦.¸¸. ◦✿
◦.¸¸. ◦ ❤◦.¸¸. ◦✿

သူ့ အလှမှာ တွယ်
သူ့ နွယ်မှာ နား။
သူ့ ရနံ့  မှာ မူးထုံယစ် လို့
သူ့ ဖူးငုံ လှစ်ကြူ သွားတယ်
ပန်းချစ်သူ လား။

ညီညီ (ပေါင်းတည်)
၉-၂-၁၆


Monday, February 29, 2016

"ကားအဖြတ်"



လေနဲ့အတူသိမ်းချွေယူသွား
ရွက်ကျွေများနဲ့ကုက္ကိုရိပ်
ရင်ထဲကတံဆိပ်များ
အိပ်ယာကနိုးထ
ဘဝပုံရိပ်များကြွလာခဲ့။



ကုက္ကိုတန်းကိုဖြတ်
မရပ်မနားနှစ်များစွာ
အ ထ ကကျောင်းသားဘဝ
အမှတ်တရများအကြောင်း
မဟောင်းသေးတဲ့အသစ်တွေ။
နွားသတ်ချောင်းဘက်ကလေ
သိမ်းချွေမွှေ့ရမ်းလမ်းတလျောက်
ကုက္ကိုရွက်ခြောက်များကြွေမြဲကြွေ
နေမြဲနေ ဝေမြဲဝေ
နှစ်တွေကြာလည်းဒီတိုင်းပဲနော်။


ကားရှေ့လေဂယက်ထ
ရွက်ခြောက်များအုံကြွသွား
တကွဲတပြားနေရာခြား
အဲဒါဒို့တွေများလားသူငယ်ချင်း။
မင်း- - -ငါ- - -သူ
ဒီနေရာလေးမှာအတူတူ
အပူမရှိကျောင်းသားဘဝ
အ ထ က ကိုနှုတ်ဆက်
ဘဝမှတ်တိုင်များနောက်မှာထား
ကားကလည်းတရိပ်ရိပ်။


မွေးအမေ ကျွေးအဖေ
အတူနေရောင်းရင်းများ
ကားအဖြတ် လှပ်ကနဲ
ရင်ထဲအပြည့်စူးဝင်သွား
မင်းတို့သိကြရဲ့လားကွယ်။




ဘဝအချိန်ရထား
သယ်သွားနှစ်များစွာ
ဒီတစ်ခါလည်းလွဲပြန်ပြီ
ဈေးကြီး ဘုရားကြီး မီးသတ်
တိုင်းချစ်ရုံ ဗိုလ်ရုံ ဘဲကန်ကြီး
သစ်စက် ရွှေတည် တစ်
လှစ်ကနဲ လှစ်ကနဲ
နောက်မှာကျန်နေခဲ့
ဘဝနဲ့တာဝန်များ
ဖြစ်ချင်တာများ ဖြစ်သင့်တာလား
ရင်ခွင်ကြားခိုနားလိုပေမယ့်
မနေသာသေးတဲ့ကာလများ
ခွင့်လွှတ်ထားပါဦး ပေါင်းတည်ရယ်။   ။
         ဝေယံစိုး(ဥပဒေ)

" ဘဲကန်စာပန်းချီ "


    ရာသီမှီကာ ထင်လာပုံရိပ်
    ဘဲကန်ထိပ်ဝယ် ရေးကာခြယ်သ
    အလှရှာမည် စာပန်းချီ ။

֊¨*•.¸¸❉¸¸.•*¨֊ ֊¨*•.¸¸❉¸¸.•*¨֊ ֊¨*•.¸¸❉¸¸.•*¨֊

  ဝါဆို ဝါခေါင် ရေဖောင်ဖောင်တိုး
  တောင်ကမိုးမင်း ထစ်ချုံးခွင်းလျှင်
  ရေပြင်တလင်း လှိုင်းလိပ်ခင်း ။
════════════════════
  ရေဦးဝင်ရောက် နုံးနောက်ပျော်ဝင်
  ကန်ရေပြင်ဝယ် လေသယ်ရာပြေး
  လှိုင်းကလေးများ လှုပ်ခပ်သွား ။
════════════════════
  ရာသီခွင်သိဟ် မိုးတိမ်အုံ့ဆိုင်း
  ညို့ညို့မှိုင်း၍  နေ့တိုင်းချိန်မှန်
  ရွာမည့်ဟန်ပြင် မိုးရိပ်ဆင် ။
════════════════════
  မှော်မတင်ခင် ကြည်လင်စိမ်းမြ
  လှပသာယာ ကျေးတမာတို့
  မြူးကာပျံဝဲ ဝေဟင်ထဲ ။
════════════════════
  နေခြည်ဖြာဆင်း နံနက်ခင်းဝယ်
  မိုးလေကင်းစ ဝါကျွတ်လခါ
  ပွင့်မာလာတို့ ရွှေရည်စို့ ။
════════════════════
  ဝသန်ခါနှောင်း ဆောင်းကာလရောက်
  မြောက်လေညှင်းသွယ် ငွေနှင်းခြယ်သည်
  မှုံရီမှိုင်းမိုင်း ရှစ်ခွင်တိုင်း ။
════════════════════
  ဟေမာန်ဆောင်းဦး လေပြည်ဖြူးသော်
  ဒိုက်မှော်ရွေ့လျှား ပိုင်းခြားရေပြင်
  အရိပ်ထင်ရှား ပြာမိုးသား ။
════════════════════
  ကန်ရေအစပ် ခြုံအထပ်မှာ
  ပွင့်လာကန်စွန်း ချဉ်ပေါင်ပြွန်းသည်
  နီနီတောက်တောက် ပန်းကြက်မောက် ။
════════════════════
  နှာရည်ယိုရွှဲ တပို့တွဲတွင်
  ရေပြင်မပေါ် ဒိုက်မှော်တွေဖုံး
  ကန်လုံးအပြည့် ကန်စွန်းဖြည့် ။
════════════════════
  နွေမိန်တပေါင်း နေရှိန်ပြောင်းသော်
  ခယောင်းတောထ လျော့ကျရေပြင်
  ဗွက်နွံပြင်ကြား ရေခမ်းငါး ။
════════════════════
  ရာသီရဟတ် တပတ်လည်လာ
  ဂိမှာန်ခါရောက် ပူပြင်းခြောက်သည်
  နေခြည်ဝင်းဖြာ ပေတရာ ။
════════════════════
  ညချမ်းအခါ မီးရောင်ဖြာလင်း
  ကန်ပေါင်ရင်း၌ မြူနှင်းရောယှက်
  ဟိုတဖက်ကမ်း နွားပွဲလမ်း ။

Ko Chit (Paungde)

════════════════════